စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၈/၂၀၂၅)အစည်းအဝေး တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၅) အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်း ခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားဇုန်(၆)ဇုန် ပိုင်းခြားသတ်မှတ်ထားခဲ့ရာ မန္တလေးငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းခရီးသွားဇုန်၏ ဧည့်သည်အဝင် ရပ်ဆိုင်းနေသော်လည်း မုံရွာဇုန်နှင့် ကလေးဇုန်တို့မှာ ပြင်တွင်းခရီးသွား ပိုမိုရောက်ရှိနေတယ်လို့ သိရှိရပါကြောင်း၊ မကြာမီမှာ သီတင်းကျွတ်ကာလနှင့် ကျောင်းပိတ်ရက်များ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အတိုင်း သွားလာလည်ပတ်ကြမည်ဖြစ်သဖြင့် ဟိုတယ်၊ တည်းခိုရိပ်သာတွေက ဝန်ဆောင်မှုကောင်းများနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် အတတ်ပညာနှင့် အသိပညာပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အတတ်ပညာအနေဖြင့် ဟိုတယ်တည်းခိုသူများကို ဝန်ဆောင်မှုပေးခြင်း၊ Tourist တွေကို ရှင်းလင်းပြောကြားသည့် ဧည့်လမ်းညွှန်(Guide) လုပ်ခြင်း၊ (IT) နည်းပညာသုံး၍ ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ဖြစ်ပြီး အသိပညာရပ်အနေနဲ့ကတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့ခံယူချက်ရှိဖို့၊ ဒေသအလိုက် မတူကွဲပြားတဲ့ ဓလေ့ထုံးစံ ယဉ်ကျေး မှုတွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုတတ်ဖို့ဖြစ်ကြောင်း ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းဖြစ်ဖို့အတွက်အသိပညာနဲ့အတတ် ပညာ(၂)ခုပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ယခုနှစ် ချမှတ်ပေးထားသည့် ဆောင်ပုဒ် ဖြစ်သည့် “ ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်ကြစို့”ဖြစ်ပါ ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့က ဟိုတယ်တည်းခိုရိပ်သာ(၄)လုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ တိုင်းဒေသကြီးအတွက်ရော ခရီးသွားလုပ်ငန်းကြီး တစ်ခုလုံးအတွက်ရော အကျိုးရှိမှာ ဖြစ်သည့်အတွက် ဆက်စပ်ဌာနဆိုင်ရာများနဲ့ နယ်ပယ်ကဏ္ဍအလိုက် တာဝန်ရှိသူများ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွား လုပ်ငန်း ကော်မတီ ၇/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင် ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ် များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများ သွားလာရေး၊နေထိုင်ရေးနှင့် ဟို တယ်/တည်းခိုရိပ်သာများပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများအား လည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေ အနေများအား လည်းကောင်း အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။























