စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်နှင့် မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ တွင် ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းခရိုင်ပညာရေးမှူး ဦးရဲထွဋ်က စစ်ကိုင်းခရိုင်အတွင်းရှိ အခြေခံ ပညာကျောင်းများ ဖွင့်လှစ်မည့်အခြေအနေများ၊ ၄င်းကျောင်းများ၏ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်လှပရေးနှင့် ကျောင်းဖွင့်ချိန်တွင် စာသင်ကြားနိုင်ရေး ဆောင် ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အခြေခံပညာကျောင်းများအလိုက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး လုပ်ငန်းများကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ ကျောင်းများအတွက် သင်ကြားရေးအထောက် အကူပြုပစ္စည်းလိုအပ်ချက်များနှင့် ကျောင်းများအတွင်း သန့်ရှင်းသပ်ရပ်ရေးလုပ်ငန်း ဆောင် ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ ကျောင်းများ၌ ယခင်နှစ်များကထက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရန် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးဒီဂရီ ကောလိပ်ရှိ ထမင်းစားဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေ့လယ်စာအတူ တကွသုံးဆောင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေ များပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ဆရာမကြီး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ သင်ကြားရေးနှင့်စီမံရေးဌာန များမှ အရာထမ်း/အမှုထမ်းများနှင့် နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။





































