စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
မုံရွာ၊ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ ကြိုဆိုနှုတ်ဆက်ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းအပ်နှံရေးနေ့ ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း မှ ကျောင်းသား၊ကျောင်းသူများက “ မြန်မာ့ကျောင်း ” သီချင်းသီဆိုဖွင့်လှစ်ပြီးနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာ စကားပြောကြားရာတွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေစွာ အချိုးကျပြောင်းလဲလာ ရန်လည်း လိုအပ်ပါကြောင်း၊ အခြေခံပညာတိုးတက်ပြောင်းလဲ ရေးတွင်အဓိကပါဝင်သည့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေး၊ ဆရာ့အတတ် ပညာ၊ အရည်အချင်း၊ ရုပ်ဝတ္ထုပစ္စည်း ဖြစ်သည့် ကျောင်းတွင်း၊ကျောင်းပြင် သန့်ရှင်းသပ်ရပ်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန် လာ စေရေးတို့အား အမြဲတစေကြိုးစားနေရမှာ ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခြေခံကျောင်းများမဖွင့်မီ ရက် သတ္တပတ်ဖြစ်သည့် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိအား ကျောင်းအပ်နှံရေး သီတင်း ပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်နှံရေးလက်ခံ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်လွန်ကလေးများနှင့် မူလတန်းပညာမပြီးဆုံးမီ ကျောင်း ထွက်ခဲ့ရသည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးနှင့်ကျောင်းအပ်နှံရေး အတွက်မူလတန်းအဆင့်ကိုသာမက အလယ်တန်းနှင့် အထက်တန်းအဆင့်ကိုပါ အခမဲ့သင်ယူ နိုင်ရေးအစီအစဉ်နှင့် အားဖြည့်ပေးလျှက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံ ရေးဆောင်ပုဒ်သည် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံ ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့"ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ကျောင်းသူများအားလုံး အခြေခံပညာသင် ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီး ချုပ်က ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ဗလာ စာအုပ်၊ ဘောပင်နှင့်ခဲတံများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန် ကြားရေးမှူးထံ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ပျော်ရွှင်စွာ ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ အား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့်ကျောင်းဝတ်စုံများ အား အခမဲ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအပ်နှံလာရောက်ကြသည့် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။



























































