မုံရွာ ၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ၊ အဆိုတော်များ လိုက်ပါ၍ ဧပြီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့ရာပြည်ကပ်ကျော် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပါယ်ကပ်လှူပူဇော်ကြပြီး မြို့ရာပြည့်ကပ်ကျော် စေတီတော်မြတ်ကြီး အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်အနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ကြပြီး ပင့်သံဃာဆရာတော်၊ သံဃာတော်များက မြို့ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီး အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ ဝဋ္ဋသုတ်၊ မေတ္တာသုတ်အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များ၊ အဆိုတော်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆု တောင်းပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော်ကြီး ရင်ပြင်နှင့်ပတ်ဝန်းကျင်အား မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာတန်ထမ်းများ စုပေါင်း၍ ရေသပ္ပါယ်ခြင်းနှင့်စေတီ တော်ကြီးဝန်းကျင်သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး နံနက်စာများအတူတကွ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံကျော်ရုပ်ရှင် သရုပ် ဆောင်အနုပညာရှင်များ၊ အဆိုတော်များသည် မုံရွာမြို့၊ ကန်သာယာကန်တွင် ကျင်းပပြုလုပ်သည့်မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေ သကြီး ငါးလုပ်ငန်းဦးစီးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာဆုမျိုးသွယ်က ငါးသားပေါက်များ လွှတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် နိုင်ငံကျော်ရုပ်ရှင် သရုပ် ဆောင်အနုပညာရှင်များ၊ အဆိုတော်များက ကန်သာယာကန်အတွင်း နှစ်လက်မအရွယ်နှင့် အထက် ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ ၃ သိန်း အား ဇီဝိတဒါနအဖြစ် ကန်အတွင်းသို့ တစ်ပျော်တစ်ပါး လွှတ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မုံရွာမြို့ပေါ်ရှိ အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများ ပူဇော်ကန်တော့ပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်အခါသမယ မြန်မာတို့၏ရိုးရာအစဉ် အလာဖြစ်သော သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက သက်ကြီးအဘိုး အဘွားများအား ဂါရဝတရားဖြင့် ရှိခိုးကန်တော့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များနှင့် အဆိုတော်များက သက်ကြီးအဘိုးအဘွားများအား အာမိသပူဇာပစ္စည်းများဖြင့် ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြိးအဘိုး၊အဘွားများ ကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဝမ်းမြှောက်စကားပြန်လည် ပြော ကြားကာ “နမောဒဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အဆိုပါ သက်ကြီးအဘိုးအဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားတွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား ၁၆၄ ဦးအား စုစုပေါင်း လှူဒါန်းငွေကျပ်- ၁၄၂၄၀၀၀၀ (တစ်ရာလေးဆယ့်နှစ်သိန်းလေးသောင်း)ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။


















