စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားခြင်း အခမ်းအနား တက်ရောက်
မုံရွာ၊ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်း မှာကြားခြင်း အခမ်းအနားကို ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စရပ်များအား အဆင်ပြေချောမွေ့စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြဋ္ဌာန်းထားသည့် အတိုင်း ရငွေများအားရည်မှန်းထားသည့်ထက် လျော့နည်းခြင်းမရှိစေရုံသာမက ပိုမိုရရှိရန် စီမံ စည်းကြပ်ကောက်ခံသွားရန်နှင့် သုံးငွေများအား ရည်မှန်းသည်ထက် ပိုမိုသုံးစွဲခြင်းမပြုကြဘဲ ခြိုးခြံချွေတာသုံးစွဲကြရန် လိုအပ်ပါကြောင်း၊ ရငွေ၊သုံးငွေများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ များ၊ နည်းဥပဒေများ၊ စည်းမျည်း၊ စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ အညီ တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ လူထုအား တိုက်ရိုက်အကျိုးပြုသည့် လမ်း၊တံတားတည်ဆောက်ခြင်း၊ လျှပ်စစ်မီး ရရှိရေးတို့အတွက် ပိုမိုလျာထားဆောင်ရွက်နိုင်ရန်အတွက် ရငွေများအားပိုမို ရရှိစေရန် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် အသုံးစရိတ်အား ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် အမှန်အခြေအနေတွင် ပြည်ထောင်စုမှထောက်ပံ့ရသည့် လိုငွေဖြည့်ဆည်းမှု လျော့နည်းသွားမည် ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေအရ ခွင့်ပြုထား သည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများအား အောင်မြင်စွာအကောင်အထည်ဖော်ခြင်းဖြင့် တိုင်း ဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာစေပြီး လူတစ်ဦးချင်းဝင်ငွေများ တိုးတက်ရရှိကာ ဒေသစီးပွားရေးအခြေအနေအား အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် တာဝန်ရှိသည့်ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းကြိုးပမ်းသွား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းထားသည့် ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရငွေများအား စီမံစည်းကြပ်ကောက်ခံသွားမည့် အခြေအနေများနှင့် ရငွေ၊သုံးငွေများအား ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျစီမံ ဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်း လင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနများ အောက်ရှိ ဌာနဆိုင်ရာများ၏ ရငွေများရည်မှန်းထားသည့်ထက် လျော့နည်းမသွားအောင် ဆောင်ရွက်သွားရေးနှင့် အသုံးစရိတ်များအား စနစ်တကျစီမံဆောင်ရွက်ကာ ခြိုးခြံချွေတာသုံးစွဲ သွားရေးနှင့် ဆောင်ရွက်မည့်အစီအမံများကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




























