စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲ တော်အောင်မြင် စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ မဟာသင်္ကြန်ပွဲ တော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းတာဝန်ပေး ထားပြီး ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ယခင်နှစ်များမှ အတွေ့အကြုံများ၏ အားသာချက်၊အားနည်းချက်များအား သင်ခန်းစာရယူကာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ ကော်မတီအဖွဲ့အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ တာဝန် ယူဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်များဖြင့် စည်စည်ကားကား ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ ဇီဝိတငါးလွှတ်ပွဲများ ဆောင် ရွက်သွားနိုင်ရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


















