တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ဓါတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ကိရိယာ)များ တောင်သူများသို့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ဒေသခံတောင်သူများ နွေစပါးပန်း တိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့်လက်ဆွဲမျိုးစေ့ကိရိယာ)များ တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများ ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းများ အောင်မြင်ရေးအတွက် ရာသီအခါမီ အားသွန်ခွန်စိုက်ကြိုးစား လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တောင် သူကြီးများ၏ လိုအပ်ချက်များအား တတ်နိုင်သမျှဖြည့်ဆည်းကာ တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့ရှိ ဒေသခံတောင်သူများအား ဓါတ်မြေဩဇာ ၃၀၀ အိတ်နှင့် လက်ဆွဲမျိုးစေ့ကိရိယာ ၁၅၀ လက်တို့အား အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး လက်ဆွဲမျိုးစေ့ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများဆောင်ရွက်နေသည့် ကန့်ဘလူမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ဦးတေဇာမျိုး၏ စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းနှင့် အမှတ် ၃ ရပ်ကွက်တို့ရှိ “ကမ္ဘာကျော်” ဆန်စက်နှင့် “ကျွန်းတောမိသားစု” ဆီစက်များသို့ ရောက်ရှိရာ သက်ဆိုင်ရာလုပ် ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအား လိုက်လံရှင်းလင်းပြ သကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်း များနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လုပ်ငန်းခွင်များအတွင်း လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။






















