မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနား ကျင်းပ
မုံရွာ၊ ဇွန် ၁၈
၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၃)နှစ် အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အမျိုးသားဗိုလိလုပွဲစဉ်အဖြစ် ရေဦးမြို့နယ်ပိုက်ကျော်ခြင်းအသင်းနှင့် ကလေးမြို့နယ် ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ ရေဦးမြို့နယ် အသင်းမှ ကလေးမြို့နယ်အသင်းအား ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က အမျိုးသား၊အမျိုးသမီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် နောက်ထိန်း၊ ရိုက်ခုတ်၊ ပင့်ထောင် အကောင်းဆုံး ဆုရရှိကြသည့် အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီး မြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဆားလင်းကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကလေးမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ကန့်ဘလူမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကလေးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျွန်းလှမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေ ကျပ် ၃ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေဦးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ၅ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား လည်းကောင်း ပေး အပ်ချီးမြှင့်ကြပြီး ဆုရအသင်းများနှင့် စုပေါင်းမှတ်တမ်းဝင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ် အောက်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ ၁၄ ရက် မှဇွန်လ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း အမျိုးသား ၂၇ သင်း၊ အမျိုး သမီးအသင်း ၂၀ သင်း ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၃၀၃ ဦးဖြင့် ကျင်းပခဲ့ ကြောင်း သိရသည်။

















