စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မေလ ၂၈ ရက်၊ နံနက် ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏီစူဠာ ကောင်းမူတော်စေတီတော်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီးအား ကြံ့ခိုင်မှုများပြန်လည်စစ်ဆေးရန်အတွက် စက်ယန္တယားများဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စေတီတော်ကြီးမြောက်ဘက်မုဒ်ရှိ မေတ္တာကန်တော် ထိခိုက်ပျက်စီးမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း၌ အလျား - ၁၂၀ ပေ၊ အနံ - ၃၀ ပေ၊ ၁ ထပ်ကျောင်းဆောင် အဆောက် အဦ ၄ လုံး တည်ဆောက်နေမှုများနှင့် ရွာထောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အလျား - ၉၀ ပေ၊ အနံ - ၃၀ ပေ၊ ၁ ထပ် ကျောင်းဆောင်၊ အလျား - ၆၀ ပေ၊ အနံ - ၃၀ ပေ၊ ၁ ထပ်ကျောင်းဆောင်နှင့် အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့်ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools) ၁ လုံး တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့်ငလျင်ဘေးသင့်ပြည်သူများအတွက် ပန်းခင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆောက်ရွက်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးအောင်က ငလျင်ဘေးသင့်ပြည်သူများ အတွက် ပန်းခင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာ ရင်းဆောက်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးတို့က ငလျင်ဘေးသင့်ပြည်သူများအား နိုင်ငံသားစီစစ် ရေးကတ်ပြားများ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ငလျင်ဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။



























