အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် စကားရည်လုပြိုင်ပွဲ မုံရွာမြို့တွင် ကျင်းပ
မုံရွာ၊ ဩဂုတ် ၇
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို လူငယ်များ၏ အရေးပါမှုနှင့် လူ့အဖွဲ့အစည်းအတွင်း လူငယ်များ၏ အခန်းကဏ္ဍများကို မီးမောင်းထိုးပြရန်ရည်ရွယ်ပြီးစစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် စကားရည်လုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မုံရွာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စကားရည်လုပြိုင်ပွဲ အကဲဖြတ်ဒိုင်များ၊ တက္ကသိုလ်အဆင့် ကောလိပ်အဆင့် နှင့် အခြေခံပညာအဆင့် ကျောင်းများမှ ဆရာ၊ဆရာမများနှင့်ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် မုံရွာတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်ဒေါက်တာသန်းသန်းဝင်းက အမှာစကား ပြောကြားသည်။
ထို့နောက် စကားရည်လုပြိုင်ပွဲဒိုင်ချုပ်၊ မုံရွာတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး စကားရည်လုပြိုင်ပွဲ အကဲဖြတ်ဒိုင်များနှင့် မိတ်ဆက်ပေးကာစကားရည်လုပြိုင်ပွဲ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် စကားရည်လုပြိုင်ပွဲတွင် မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက ၂ မုံရွာ နဲ့ အထွေထွေအုပ်ချုပ်မှုရုံးဌာနတို့မှ ပြိုင်ပွဲဝင် ၃၀ ဦး ကို အဖွဲ့ ၁၀ ဖွဲ့ခွဲကာ ခေတ်မီတာကောင်းတယ်/မကောင်းဘူး ၊ ဆိုရှယ်မီဒီယာသုံးတာ ကောင်းတယ်/မကောင်းဘူး၊ နည်းပညာသုံးတာ ကောင်းတယ်/မကောင်းဘူး ခေါင်းစဥ်တို့ဖြင့်လည်းကောင်း ၊စာစီစာကုံးပြိုင်ပွဲတွင် မုံရွာတက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မုံရွာပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ မုံရွာ၊ အထွေထွေအုပ်ချုပ်မှုရုံး၊ တိုင်းကျန်းမာနဲ့ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပြိုင်ပွဲဝင် ၄၂ ဦး ပါဝင်ပြီး "လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်းဆောင် " ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီး ပါဝင်ယှဥ်ပြိုင်နေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားတွင် မုံရွာတက္ကသိုလ် မှ အကအလှယိမ်းအဖွဲ့များ၏ သီဆိုကပြဧည့်ခံဖျော်ဖြေမှု့တို့အား ကြည့်ရှုအားပေးခဲ့ကြပြီး နောက် ယိမ်းအဖွဲ့များအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး တာဝန်ရှိသူများက စားစရာမုန့်မျိုးစုံနှင့် လက်ဖက်ရည်တို့ ပေးဝေနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် စကားရည်လုပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊တတိယ ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဩဂုတ်လ ၁၂ ရက်တွင်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်မည့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။












































