မုံရွာ၊ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်း အတွင်းရှိ ဘောလုံးကွင်းနှင့် သတ်မှတ်အားကစားရုံများတွင် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ခရာတေး၊ အလေးမ နှင့်လက်ဝှေ့ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အား ပေးကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားကစားနည်းများအလိုက် ဆုတံဆိပ်နှင့် စံချိန်သစ်များရရှိအောင် အစွမ်းကုန်လေ့ကျင့်ကြိုးစား ယှဉ်ပြိုင် သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးဂုဏ်အား အားကစားဖြင့်မြှင့်တင် နိုင်ရေးအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်း ပပြုလုပ်သည့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားက စားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အနိုင်မခံအရှုံးမပေးစိတ်ဓာတ် မလျှော့သောဇွဲ၊လုံ့လ၊ကြိုးစားမှုများဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြ ရန်လိုအပ်ပါကြောင်း၊ အုပ်ချုပ်/နည်းပြ/ကစားသမားများအားလုံးအနေ ဖြင့်လည်း မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ တာဝန်ကျေပွန်အောင် အလေးထားကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များနှင့် မိမိတို့တိုင်းဒေသကြီး အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်း ကောင်းတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ့လက်ရွေးစင်အဆင့် ရွေးချယ်ခံရမည့် အခွင့်အ လမ်းလည်းဖြစ်ပါ၍ ရရှိလာသည့်အခြေအနေအချိန်အခါတွင် ရေကုန်ရေခမ်း အားထုတ်ကြိုး ပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကြီးသို့ သွား ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအားလုံး အနေဖြင့် မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ကို မိမိတို့စွမ်းဆောင်ချက်ဖြင့် မြှင့်တင်နိုင်ရမည်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်နှင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန်နှင့် မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ယှဉ်ပြိုင်ရင်း အားကစားနည်းတိုင်း ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ -ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအတွက် စခန်းသွင်းလေ့ကျင့်စရိတ် ဂုဏ်ပြုထောက်ပံ့ငွေကျပ် သိန်း - ၁၂၉၄၅၀၀၀၀ (သိန်းတစ်ထောင်နှစ်ရာ့ကိုးဆယ်လေး သိန်းငါးသောင်းကျပ်)အား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူး နှင့် အသင်းအုပ်ချုပ်သူထံအားလည်းကောင်း၊ အောင်နိုင်ရေးအလံအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ထံ ပေးအပ် သည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေး မှူး ဦးအောင်ဇော်လွင်က အားကစားနည်းများအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး အားကစားနည်းများအလိုက် တာဝန်ခံ တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအားကစားရုံအတွင်း ခင်း ကျင်း ပြသထားသည့် အားကစားလေ့ကျင့်ရေးပစ္စည်းများနှင့် ပြိုင်ပွဲဝင် အားကစားသမားအား ထောက်ပံ့ပေးအပ်သွားမည့် အားကစားပစ္စည်များအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အား ကစားကွင်းအတွင်း ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အား ကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံး၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဖူဆယ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုး သားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အား ကစားနည်း(၂၁)နည်းတွင် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း - ၄၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။









